What is ARB??? ဆိုတာကနေပဲ စကြရအောင်ပေါ့ခင်ဗျာ။ ARB ဆိုတာ ( Anti Rollback ) ဆိုတဲ့စကားလုံးရဲ့ အတိုကောက်ပါပဲ။ Rollback ဆိုတဲ့ ယေဘုယျအဓိပ္ပာယ်ကတော့ အခုအခြေအနေမရောက်ခင် အရင်ရှိနေတဲ့ အခြေအနေကိုပြန်သွားတယ်၊ အခုအဆင့်ကိုမလုပ်ခင် အရင်အဆင့်ကို ပြန်ထားတယ် စသည်သဘောမျိုးမှတ်ယူနိုင်ပါတယ်။ Anti ဆိုတာရှေ့ကထည့်လိုက်တော့ ဆန့်ကျင်ဖက်သဘောမျိုး ဖြစ်သွားတာပေါ့။ မူလ အခြေအနေကို ပြန်သွားလို့ မရတော့ဘူးပေါ့။ အဲဒါကို ဖုန်းတွေရဲ့ firmware မှာသုံးနှုန်းတော့ အခုတင်ထားတဲ့ firmware version ကနေ အရင်တင်ခဲ့တဲ့၊ အရင်ရှိနေခဲ့တဲ့ firmware version တွေဆီကို ပြန်တင်လို့မရတော့ဘူး ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တာပေါ့ခင်ဗျာ။ လက်ရှိတင်ထားမိတဲ့ Version နံပါတ်ကနေ ( Downgrade ပေါ့ ) အောက်ကိုဆင်းမရတော့ဘူး။ Version အသစ်ထပ်ထွက်လာလို့ မြှင့်ချင်မြှင့်.. အဲသည်လိုတွေပဲ လုပ်လို့ရတော့မယ်ဆိုတော့ သဘာတရားပါပဲ။
သည်စံနစ်ကို Android phone တိုင်းမှာ ထည့်သွင်းအသုံးပြုဖို့ policy ချသတ်မှတ်ပြီးလုပ်ခဲ့တာ Android OS ကို ထုတ်လုပ်တဲ့ Google ပါပဲ။ သူ့ရည်ရွယ်ချက်ကတော့ မိမိဖုန်း အခိုးခံရတာ၊ ပျောက်ဆုံးတာမျိုး ဖြစ်ခဲ့ရင် အရင် Android version အဟောင်းတစ်ခုကိုပြန်တင်ပြီး အဲဒါရဲ့ security အားနည်းချက်ကို အသုံးချလို့ သူခိုးလုပ်သူက ဖုန်းကို အသုံးပြုနိုင်အောင်၊ မိမိ data တွေကို တွေ့မြင်သုံးနိုင်အောင် လုပ်ခြင်းမှ ကာကွယ်လိုတဲ့ရည်ရွယ်ချက်ပါ။ လက်ရှိဖုန်းမှာတင်ထားတာက ARB Protection စံနစ်ပါနေပြီဖြစ်တဲ့ Android version ဖြစ်နေပြီ။ ဒါကို ARB စံနစ်မပါတဲ့ Android version firmware တစ်ခုကိုတင်လိုက်မယ်ဆို ဖုန်းက bootတက်ဖို့ငြင်းဆန်ပြီး ဘာဆိုဘာမှ သုံးလို့ရမှာမဟုတ်တော့ပါ။ ARB Protection ဆိုတာ အဲဒါပါပဲ။
သည်စံနစ်ကို သုံးဖို့ Google က Android Pie ( Android version 9 ) သုံးတဲ့ဖုန်းတိုင်းမှာ ထည့်သွင်းဖို့ policy ချမှတ်ခဲ့တာပါ။ Android OS ဆိုတာ Open Source ပါ။ iOS လို Apple Inc ကထုတ်လုပ်ထားပြီး သူထုတ်တဲ့ Apple products တွေမှာပဲသုံးတယ်ဆိုတာမျိုးမဟုတ်ပါ။ Mobile phone ထုတ်လုပ်သူတွေက သူတို့ phone hardware တွေ သက်ဝင်လှုပ်ရှားအသုံးပြုလို့ရအောင် အဓိက Operation System အဖြစ် Google ရဲ့ Android ကို အသုံးပြုကြတာများပါတယ်။ Open Source ဖြစ်လို့ အလကားရပါတယ်။ Google ကို အသုံးပြုခ ဘာပိုက်ဆံမှပေးဖို့မလိုဘူးပေါ့ဗျာ..။ ဒါ အကြမ်းဖျဉ်းသဘာဝပေါ့။ အလကားရတယ်ဆိုပေမယ့် Google ကသတ်မှတ်ထားတဲ့ Policy တွေအတိုင်းတော့ လိုက်နာပြီး သုံးရပါတယ်။ အဲသည် Google Android OS ကို အဓိက Base ယူပြီး မိမိတို့ကိုယ်ပိုင် UI တွေ၊ သုံးစွဲသူတွေ စွဲမက်စေမယ့် functions တွေ အစုံထည့်လို့ Android OS ပေါ် ထပ်အုပ်ပြီး MIUI, EMUI, TouchWiz UI, Oxygen OS, Hydrogen OS, Color OS, Funtouch OS ( သည်နာမည်တွေကို သည်က mobile phone users တွေ မစိမ်းလှပါဘူး 😀 ) စသည့်နာမည်လေးတွေတပ်လို့ တို့ဖုန်းမှာ ထည့်ထားတဲ့ firmware နာမည်က MIUI… စသည်ဖြင့် နာမည်ပေးလို့ ဖုန်းတွေထုတ်လုပ်ရောင်းချကြပါတယ်။ သည်တော့ Android OS ကို အသုံးပြုနေတဲ့ ဘယ် phone brand မဆို Android Pie ထိ Update ပေးပြီဆို သည် ARB ဆိုတာ တွေ့လာရမယ့် အလားအလာပါပဲ။
Why has Xiaomi included Anti-Rollback protection in their MIUI?
ကဲ..ကောင်းပြီခင်ဗျာ.. Android Pie မှာ သည် ARB ဆိုတဲ့စံနစ်ကိုစသုံးမယ်ဆိုပြီး Xiaomi အနေနဲ့ ဘာဖြစ်လို့ Android Pie တောင်မရောက်သေးပဲ သူ့ MIUI Rom တွေမှာ ထည့်သွင်းခဲ့သလဲ..။ ( Google Policy ကို သူများထက် နှစ်ဆတိုးပြီးများ လိုက်နာချင်သလားမသိ.. 😀 😀 ) သူ့မှာလဲ သူ့ထုတ်လုပ်မှု Policy နဲ့သူ၊ သူ့ Marketing Strategy နဲ့သူပေါ့ခင်ဗျာ။
Xiaomi က ဖုန်းထုတ်လုပ်ရောင်းချရာမှာ Price to Performance ratio ကောင်းအောင်လုပ်ပေးတော့.. ပြောရရင် ပစ္စည်း Model မြင့်တယ်၊ ဈေးသက်သာတယ်ပေါ့ဗျာ.. ကမ္ဘာအနှံ့က xiaomi ကို နှစ်သက်သူတွေတိုးလာတယ်။ သည်တော့ သူ့အနေနဲ့ သူ့ပြည်တွင်းတရုတ်မှာပဲသုံးဖို့အတွက် မဟုတ်တော့ပဲ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ သတ်မှတ်ထားတဲ့ Import policy တွေကိုက်အောင် ထုတ်လုပ်တင်ပို့တာတွေ သေချာလုပ်လာပါတယ်။ ကျနော်တို့ပြောပြောနေတဲ့ China version, Global version ဆိုတာတွေဖြစ်လာတာပေါ့ဗျာ..။ ဒါတွေကို အကျယ်တဝင့်သည်မှာမပြောတော့ပါဘူး.. 😀
ကွာခြားချက်လေး အနည်းကိုပြောရရင် ဥပမာ 4G network ဆို America, Europe ဖက်မှာ LTE Band 5, 20 စတဲ့ Frequency Range ကို အသုံးပြုတာများတယ်။ Telecom စံနစ်စကားနဲ့ပြောရရင် FDD-LTE စံနစ်တွေပေါ့။ သူ့တရုတ်ပြည်တွင်းမှာက TD-LTE ဆိုတဲ့ စံနစ်ကိုပဲအသုံးချတာများတယ်။ Band နံပါတ်အရဆို 33 ကနေ အထက်နံပါတ်တွေပေါ့။ Detail တွေက Google Search လိုက်ရင် အစုံအတိအကျလေ့လာနိုင်ပါတယ်။ ကျနော်တို့ဆီမှာ Ananda, 5BB တို့က ( 5BB က ကျနော်မစမ်းဖူးတော့ Technical Detail မသိလို့ မှားချင်မှားမယ်ပေါ့။ ဒါပေမယ့် သည် Frequency တွေကို မြန်မာ့ဆက်သွယ်ရေးက Broadband Internet Service ပေးဖို့ လေလံတင်ရောင်းချထားပြီး သူတို့တွေက အောင်ထားတော့ ဒါကိုပဲသုံးမှာလို့ ခန့်မှန်းတာပါ 😀 ) TD-LTE သုံးပြီး Broadband Internet Service ပေးတော့ Ananda sim card ကို Xiaomi ဖုန်းတွေမှာ ထည့်လိုက်တာနဲ့ လိုင်းတက် အင်တာနက်သုံးလို့ အဆင်သင့်ပဲလေ။ သည်ကိုဝင်လာတဲ့ Xiaomi တွေက China version တွေများတော့ TD-LTE Frequency တွေ band တော်တော်များများပါတော့ သည်စံနစ်သုံးတဲ့ ကတ်ကိုထည့်၊ အလုပ်တန်းလုပ်တာပဲလေ။ Global version လိုမျိုးကြတော့ World Wide အနေနဲ့ FDD-LTE ကိုပဲသုံးတာများလို့ Global version ဖုန်းတွေမှာ အဲသည် Band စုံစုံလင်လင်ပါအောင် ပို support လုပ်ပေးတာပေါ့။ နောက်ဆုံး အားသွင်းခေါင်းကအစ 2 Pin အပြား၊ အလုံး၊ 3 Pin လေးထောင့်.. စသည်ဖြင့်တွေကွာကြတာပေါ့။ ကျနော်တို့ဆီမှာတော့ ဒါတွေ စံသတ်မှတ်ချက်မရှိပါဘူး။ အရင်ခေတ်ကတည်းက စံအတိုင်းနဲ့ဆိုရင်တော့ British Standard 2 Pin အလုံးပေါ့။ စင်ကာပူလိုကြတော့ 3 Pin လေးထောင့်နဲ့ပေါ့။ အဲလို ကွာခြားမှုလေးတွေရှိတတ်ပါတယ်။ ROM ပိုင်းဆိုင်ရာအနေနဲ့လဲ Global rom မှာ Google service တွေ တစ်ပါတည်းပါပြီးဖြစ်မယ်။ မိမိနိုင်ငံရဲ့ Language နဲ့ရွေးချယ် အသုံးပြုနိုင်မယ်.. စသည်ဖြင့်ကွာခြားတာပေါ့….။
ARB ကနေ နဲနဲလေးလမ်းကြောင်းချော်သွားတယ်ခင်ဗျာ.. ပြန်လာရအောင်… 😀 Xiaomi အနေနဲ့ အဲသည်လိုတွေ ထုတ်လုပ်မှုလေးတွေလုပ်ပြီးတင်ပို့ရောင်းချလို့ သူ့အနေနဲ့ Reseller တွေက China version တွေကို ROM ချိန်းတင်ပြီး Global version လုပ်ရောင်းတာမျိုး တားမြစ်ချင်လာပါတယ်။ သည်တော့ Finger print စပါလာတဲ့ Redmi Note 3 MTK , Redmi Note 3 Pro.. စတာတွေမှာ ( World Wide လူကြိုက်လဲ သိပ်များပါတယ် ) Boot Loader Lock လုပ်ပြီး ROM အလွယ်ချိန်းမရအောင် လုပ်ပါတယ်။ အစကတည်းက Xiaomi ဖုန်းတွေကို MOD လုပ်ပြီး ( Custom MIUI လိုမျိုး ) သုံးတာ၊ Custom ROM တွေ develop လုပ်သုံးတာတွေနဲ့လူကြိုက်များလာခဲ့တော့ ကြိုက်တဲ့ဟာတွေ ချိန်းတင်နိုင်အောင် Boot Loader Unlock လုပ်ခွင့်ကိုတော့ပေးထားပါတယ်။ အဲသည်တုန်းကလဲ Unlock က Mi Account permission နဲ့လုပ်ရတာပါ။ Permission ရဖို့ကလဲ တောင်းရင် နှစ်ပတ်လောက်စောင့်ရပါတယ်။ အခုတော့ တောင်းစရာမလိုပါဘူး။ ဒါပေမယ့်သိတဲ့အတိုင်း လုပ်ချင်ရင် နှစ်ပတ်.. တစ်လ .. စောင့်ရတာပါပဲ။ ဒါပေမယ့် fake လုပ်ချင်တဲ့ Reseller တွေအနေနဲ့ အလုံးရေများများပြီးအောင်၊ ချက်ချင်းတင် ချက်ချင်းရအောင် Qualcomm Device တွေအတွက် Low level firmware တင်နည်းတစ်ခုဖြစ်တဲ့ EDL ( Emergency Download Mode ) သို့မဟုတ် 9008 လို့ခေါ်နေတဲ့ Mode ကနေ ROM ချိန်းယူပါတယ်။ ဒါတွေက Jig cable လို့ခေါ်တဲ့ cable လေးနဲ့ပဲ mode ချိန်းလိုက်ပြီး rom တင်လိုက်တာပါ။ ဘာပဲပြောပြော ငါးမိနစ်တစ်လုံးလောက် ROM ချိန်းလို့ပြီးတယ်လေ….။ Jig cable ဆိုတာကလဲ Youtube မှာလေ့လာလိုက်ရင် အားသွင်းကြိုးမှာ wire အဖြူလေးဖြတ်.. wire အစိမ်းလေးမှာပူး.. စသည်ဖြင့်လုပ်ရင်လဲ ပြီးသွားရော ဆိုတာမျိုးတွေ ရှိတာပါပဲ။ သည်တော့ User အကြိုက် ကြိုက်တာလုပ်ခွင့်ရအောင် Boot Loader Unlock ခွင့်ပေးသော်လဲ Fake Reseller တွေအနေနဲ့ EDL ကနေ ခပ်မြန်မြန်ချိန်းပြီး Global လုပ်ရောင်းပစ်လိုက်ကြတာပါပဲ…။ အဲသည်အချိန်ဖုန်း model တွေက EDL ကို Keys တွေနဲ့နှိပ်ဝင်လို့ရတယ်၊ Recovery Menu ကတစ်ဆင့် ဆက်ဝင်လို့ရတယ် ဆိုတာတွေရှိနေဆဲပါ။ ကျနော့် Mi Max ဆို အခုထိ Power, Volume Keys သုံးခုနဲ့ EDL ဝင်လို့ရနေဆဲပါပဲ။ BLU ထားလို့လဲ ပါမှာပါ။ BLU ထားတဲ့ဖုန်းဆိုရင်တော့ fastboot oem edl ဆိုတဲ့ command နဲ့ fastboot mode ကနေ EDL or 9008 ဆီကိုချိန်းသွားနိုင်ပါတယ်။ ဘာ special cable မှလဲ မလိုပါဘူး။
Redmi 4, 4A စထွက်လာချိန်မှာတော့ ( MIUI လဲ 8.2 လားမသိဖြစ်လာချိန်.. ကျနော်အမှတ်မှားခဲ့ရင်လဲ sorry ပါခင်ဗျာ.. အဲသည် တစ်ဝိုက်က MIUI Version တစ်ခုပေါ့.. 😀 ) Xiaomi ဟာ EDL ကို ခလုတ်တွေနဲ့ဝင်တာ၊ Menu ကဝင်တာ၊ Jig cable သုံးဝင်တာတွေကို ပိတ်လိုက်ပါတော့တယ်။ အဟောင်းထဲကဆို Mi 5 တွေက Jig cable နဲ့ဝင်မယ်ဆိုတာမျိုး အဲသည် MIUI version တင်ပြီးရင် မရတော့ဘုူးဖြစ်လာပါတယ်။ သည်တော့ EDL ဝင်တင်ချင်ရင် နောက်ဖုံးခွာ.. Test Point ထောက်..၊ ဒါဆို Warranty Seal ကပျက်ပြီလေ.. ။ အဲသည်အချိန်မှာ XiaomiTool ဆိုတာတွေ ထွက်လာတယ်ဗျာ။ အဓိကရည်ရွယ်ချက်က BLU မလုပ်ပဲ၊ နောက်ဖုံးခွာ Test Point မထောက်ပဲ China rom ကနေ Global rom ချိန်းတာပေါ့… ( ကျနော့် Blog ထဲမလဲ လုပ်နည်းရေးထားပါသေးတယ်..။ လိုက်မလုပ်ပါနဲ့တော့.. 😀 😀 😀 Mi Max 2 နဲ့သူ့ရှေ့ပိုင်းထွက် model တွေက BLU ဖို့သုံးရက်လောက်ပဲစောင့်ရတာပါ.. မေ့မေ့ပျောက်ပျောက်စောင့်လုပ်ပြီး Global Fastboot rom သာတင်ပါ… 😀 )
သည်တော့ XiaomiTool ဆိုတဲ့ software သုံးပြီး rom ချိန်းတင်တာ၊ နောက်ဆုံး မိမိဖာသာတင်ချင်လို့ နောက်ဖုံးဖွင့်၊ Test Point ထောက်ပြီး EDL ဝင်တင်တာတွေ လုပ်မရအောင် Redmi Note 5A ထွက်လာချိန်လောက်မှာ ပိတ်ခဲ့ပါတယ်။ အဲလိုတွေတင်မိရင် အောက်ကပုံအတိုင်းပါပဲ။ ဖုန်းက Recovery Mode ထဲဝင်ပြီး The MIUI System cannot be installed on this system ဆိုတာကြီးပေါ်ပြီး ဆက်တက်မှာမဟုတ်တောပါ။ ဖြေရှင်းနည်းကတော့ EDL ကနေပဲ China rom ပြန်တင်လိုက်ပါ။ အဆင်ပြေပါတယ်။ ပြီးမှ ကြိုက်တာချိန်းချင်ရင် BLU လုပ်ပြီး ဆက်ချိန်းတာလုပ်ပေါ့။
သည်တော့ Redmi Note 5A နဲ့နောက်ပိုင်းလောက်မှာ China rom နဲ့လာတဲ့ China version ကို Global rom ချိန်းတင်ချင်ရင် Boot loader unlock လုပ်… ၊ ပြီးမှ Global fastboot rom ကိုတင်…။ ဒါသည် ကျနော်တို့လို မိမိဖာသာ ထွက်ထားတဲ့ rom ကိုတော့ ချိန်းချင်သလို ချိန်းမှာပေါ့ဆိုတဲ့ users တွေအတွက် အကောင်းဆုံး Method ပါပဲ။ ခုလိုတွေကြောင့် အရောင်းဆိုင်တွေကလဲ Model ပေါ်မူတည်ပြီး အရင်လို ခဏစောင့်၊ ချိန်းပေးလိုက်မယ်တွေ မလုပ်တော့ပါဘူး။ လုပ်ချင်ရင် BLU လုပ်ဖို့ နှစ်ပတ်၊ တစ်လ အချိန်ပေးစောင့်။ ပြီးမှ ပြန်လာလုပ်.. ဒါနှစ်ဦးနှစ်ဖက် Safe အဖြစ်ဆုံး၊ အကောင်းဆုံး နည်းလမ်းပါ။ ပြီးတော့လဲ ခုနောက်ပိုင်းတွေမှာ Boot Loader Unlock လုပ်ထားရင် ဖုန်းဖွင့်လို့ rom စတက်ချိန်မှာ screen အောက်ဖက်နားမှာ သော့ပုံနဲ့ Unlock ဆိုတဲ့ အနီရောင်စာသားလေးပေါ်နေပါတယ်။ ဒါက China version ကို BLU လုပ်ပြီး Global version လို့ fake လို့မရတော့ဘူးပေါ့ဗျာ။ အခုမှ packing ဖွင့်ပြီး တက်တဲ့အစစ်အမှန်ကသည်စာသားပေါ်ပြီး တက်စရာမရှိဘူးလေ..။ Boot loader locked ကိုး။ Phone Settings ထဲက Developer Options ထဲမှာလဲ Mi Unlock Status ဆိုတဲ့နေရာမှာ Locked လို့ရေးထားလား၊ Unlock ရေးထားလား ကြည့်လို့ရပါတယ်။ သည်နေရာပြတာက Official rom မှာ BLU လေးလုပ်ထားမယ်ဆိုရုံလောက်ကတော့ အမှန်ပြပါတယ်။ Custom MIUI တွေ တင်ထားရင်သာ BLU ပြီးသားကို Locked လို့လဲ လျှောက်ပြချင်ပြတတ်တာပါ။ ဘာပဲပြောပြော users တွှေအနေနဲ့ ဖုန်းလေးဖွင့်လိုက်တာနဲ့ ကိုယ့်ဖုန်းကို ပြုပြင်မှု ဘာတွေလုပ်ထားလဲဆိုတာ အလွယ်တော့ စစ်ကြည့်လို့ရတာပေါ့လေ။
ARB စပါတဲ့ ဖုန်း Model အကြောင်းမရောက်ခင် ရှေ့ပိုင်းဟာမှာ ထူးခြားတတ်တာလေးတွေ ကြုံလို့ပြောပါအုံးမယ်။ Redmi Note 3 တွေ ထွက်လာတော့ လူကြိုက်များကြပါတယ်။ Redmi Note 3 MTK ( About Phone မှာ Baseband နေရာမှာ MOLY နဲ့စရင် MTK နဲ့ဟာပါ။ CPU မှာလဲ Quad Cores လို့ပြပါတယ် ) ကို Global ROM နဲ့တွေဝင်လာပါတယ်။ တကယ်တော့ အဲသည်ဖုန်း Model ဟာ Global rom မထွက်ပါဘူး။ သူ့နောက်ထွက်တဲ့ Redmi Note 3 Pro က ( သူက CPU နေရာ Hexa Cores လို့ပြပါတယ်။ Baseband က MOLY စတာတွေမဟုတ်ပါ။ Qualcomm CPU နဲ့ပါ။ ) Global rom ကို Modified ပြီး fake rom တင်လာတာတွေပါ။ အဲဒါတွေမှာ ဘယ်တော့မှ MIUI Update လဲမပေါ်တော့ပါ။ ဒါတွေက ကြာပါပြီ။ ခုချိန် သုံးသူလဲ နဲတော့နဲလောက်ပါပြီ။ များတာဆို Redmi Note 3 Pro users တွေလောက်ပဲရှိတော့မှာပါ။ ကျနော် အဲသည် Finger Print ပါတာလေး စထွက်ထွက်လာချင်းကိုဝယ်ပါတယ်.. အဲသည် fake rom လေးနဲ့ပါပဲ.. 😀 😀 SP Flash Tool နဲ့ Official rom ကို ပြန်ချိန်းရတယ်ပေါ့.. 😀 ) နောက်တစ်ခုထူးတာက Mi 5X ပါ။ သူလဲ China version only ပါ။ Global rom မရှိပါဘူး။ သူက ထူးဆန်းစွာနဲ့ BLU လုပ်ရတာ နှစ်ပတ်စောင့်ရတဲ့ဟာပါပဲ။ Mi Max 2 က သူ့နောက်မှလို့ထင်ပါတယ်။ သူကတောင် BLU ကို သုံးရက်ပဲစောင့်ရတာပါ။ Mi 5x က Mi A1 နဲ့ Hardware တူတူပါ။ သည်တော့ Mi A1 က BLU ချက်ချင်းရတဲ့ Android One ဖုန်းမို့ အဲသည်က boot loader file နဲ့ Mi A1 firmware ကို Mi 5x ထဲရေးပြီး Mi A1 ဆိုတာမျိုး fake ကြပါသေးတယ်။ သည်တော့ သိပ်မဝင်ဘူးထင်ပါတယ်။ XDA Forum မှာဖတ်ကြည့်တာ အဲလိုအလုံးတွေ ဝယ်မိသူတွေ များပါတယ်။ ဈေးနှုန်းသက်သာတဲ့ Mi 5x နဲ့ Global လုပ်ပစ်တာပေါ့ဗျာ…။ နောက်တစ်ခုက အဲသည် Mi A1 က BLU ပြီးသား boot loader file ဒါမှမဟုတ် Mi Max 2 က BLU ပြီးသား boot loader file နဲ့ Mi Max 2 Global firmware ကို modified ပြီး အဲဒါတွေကို အသုံးပြုကာ Mi 5x ကို MIUI Global rom နဲ့ဆိုပြီးလုပ်တာပါပဲ။ အဲဒါတွေ သည်ကိုဝင်တာ ပါလာတာတွေ ရှိပါတယ်။ အချို့သူတွေ ဝယ်မိကြပါတယ်။ ဘယ်တော့မှ MIUI Update မပြတော့တဲ့ဟာတွေပေါ့။ သူ့ကိုလဲ Official fastboot china rom ပြန်တင်ပေးမှ မူရင်းအတိုင်းဖြစ်ပါတယ်။ သူက BLU ပြီးသားဖြစ်နေတတ်ပါတယ်။ တင်ရာမှာလဲ သည်တိုင်း fastboot rom တင်မယ်လုပ်လို့မရပါ။ တင်လိုက်ရင် အရင် modified လုပ်ထားတဲ့ BLU file တွေကြောင့် ဖုန်းကမတက်တော့ပါဘူး။ သည်တော့ သူ့ကို fastboot rom တင်မယ်ဆို အရင်ဆုံးကတော့ fastboot mode မှာ fastboot getvar product လို့ product code ကိုစစ်၊ Oxygen or Tissoft ဆိုရင်သေချာပြီ BLU modified files တွေနဲ့ဟာလာပြီ..။ ဘယ်ဟာဆို ဘယ် file လေးတွေထည့် ဘယ်လိုရေးဆိုတာ Xiaomi forum မှာ Tutorials တွေ ရေးပေးထားလို့ လေ့လာလုပ်နိုင်ပါတယ်။ သူ့ Product code အမှန်က Tiffany ပါ။ Oxygen က Mi Max 2codename ပါ။ Tissoft က Mi A1 ပါ။ သည်တော့ Mi 5X ကို firmware တင်မယ်ဆို EDL or Fastboot က တင်နေကြပဲဆိုပြီး အလွယ်မလုပ်မိဖို့ သတိထားရတာပေါ့….။

ARB… ARB….ARB

ARB စလာပါပြီခင်ဗျာ..။ ဖြစ်တည်လာရခြင်း နိဒါန်းပျိုးလာတာ နဲနဲတော့ရှည်သွားတယ် 😀 😀 ဗဟုသုတတော့ သိထားသင့်တာပေါ့။ ARB စံနစ်စပါလာတာ Redmi Note 5 ပါခင်ဗျာ။ Redmi Note 5 AI, Redmi Note 5 China လို့လဲ သုံးနှုန်းကြသည်ပေါ့။ Redmi Note 5 Pro က India အတွက် Only ပါ။ သည်ကို Official မဝင်ပါ။ နယ်စပ်လမ်းကြောင်းကလဲ အဲသည်ဟာ ဝင်လာတယ်ဆိုပြီး အပြိုင်အဆိုင် ကြော်ငြာရောင်းတာလဲ မတွေ့မိပါ။
သူက စထွက်လာကာစ MIUI Ver နဲ့မှာ မပါသေးဘူးခင်ဗျ။ MIUI 9.5 လောက်နဲ့စမယ်ထင်ပါတယ်။ နောက်ပိုင်း MIUI 9.5.xx တစ်ခုခုပေါ့ 😀 or 9.6 လောက်မှာ ARB စံနစ် firmware files တွေ ထဲမှာ ပါသွားပါပြီ။ ကျနော် ကိန်းဂဏန်းတွေ အလွတ်မှတ်ရမှာပျင်းတာ၊ MIUI ကလည်း Version no တွေများပြားတာ၊ Model တစ်ခုနဲ့တစ်ခု မတူတာ၊ China rom, Global rom ကွဲတာ၊ Stable version, Beta version တွေ ထပ်ရှိသေးလို့ အကုန်မမှတ်နိုင်လို့ပါ.. 😀 Redmi Note 5 မှာ သည်လို စတင်ဖြစ်လာချိန်မှာ ကျနော့်ရဲ့ Xiaomi General Knowledges ဆိုတဲ့ ကျနော့် Facebook page လေးထဲမှာတော့ post တင်ရေးပေးထားပါသေးတယ်။ Version အတိအကျတွေသိချင်ရင် အဲသည်မှာ ရှာဖတ်လို့ရပါတယ်။ ကြော်ငြာတွေ၊ Reviews တွေ၊ သူများရေးထားတာတွေ လိုက် share လိုက်ရေးတာနည်းပြီး tips, tutorial လေးတွေလောက်ပဲ ရေးလေ့ရှိတဲ့ page လေးမို့ Post ရှာရတာလွယ်မှာပါ.. 😀 😀 သည်မှာတော့ ဥပမာပြုဖို့ MIUI 9.6 လို့ထားရအောင်ဗျာ.. 😀 ARB အဓိက idea မှတ်ဖို့က Version နံပါတ်မြင့်ရာက နိမ့်ရာကိုဆင်းရင် ဖုန်းမတက်တော့ဘူးဖြစ်မယ်။ အမြင့်ကတော့ ဆက်ဆက်တင်သွားလဲ Never mind. ကိုယ့်ဖုန်းအတွက် China, Global ဆိုပြီးရှိရင် rom ထွက်မှာလေးမျိုး၊ အဲဒါတွေမှာ ဘယ်နံပါတ်တွေမှာ ARB စပါပြီလို့ကတော့ မိမိဖာသာ ရှာဖွေလေ့လာယူထားရမှာပေါ့..။
Xiaomi အနေနဲ့ သူ့ဖုန်းတွေကို အားပေးတဲ့ Mi Funs တွေဆန္ဒကို မပိတ်ပင်ပါဘူး။ အလွယ်လိုသာ လုပ်လို့မလွယ်အောင် တားထားပေမယ့် ကြိုက်သလို MOD လုပ်သုံးလို့ရအောင် Boot Loader Unlock လုပ်ခွင့်ကို Official တော့ပေးထားပါတယ်။ သည်တော့လုပ်ကြတယ်ပေါ့ဗျာ။ တင်ချင်ရာတင်ကြတယ်။ အဲသည်အချိန် MIUI 9.6 လို့လာတယ်ပေါ့ဗျာ။ တင်လိုက်ကြတယ်။ ပြီးတော့ မကြိုက်ဘူး။ ကိုယ်ကြိုက်တာကို Version ပြန်ဆင်းတင်တယ်ပေါ့။ အဲသည်မှာ ဇာတ်လမ်းစတာပါပဲ။ 😀 9.5 က ဘက်ထရီပိုခံတယ်… 9.6 ကမခံဘူး.. ပြန်ဆင်းမယ်ဆိုပြီး TWRP, Fastboot, Custom MIUI တွေ ပြန်ဆင်းကြတော့ ARB နဲ့ပတ်သက်တဲ့ files တွေက ရေးပြီးသားတွေဖြစ်နေတော့ ဖုန်းတက်လာချိန် သူတို့က လိုအပ်တာတွေစစ်ဆေးတာမှာ ကိုက်ညီမှုတွေ မရှိတော့လို့ ဖုန်းက ဘာမှတက်မလာတော့ဘူးပေါ့။ Xiaomi ဖုန်းတွေမှာ အဲသည်အချိန်မှာဖြစ်သွားတာ EDL or 9008 mode ကိုရောက်သွားတာပါပဲ။ Mi Logo လေးတောင် မပေါ်နိုင်ရှာတော့ပါဘူး။ ကျန် fastboot, recovery mode တွေဆီသွားနိုင်ဖို့ဆိုတာ ဝေလာဝေးသွားပါပြီ….. 😀

အပိုင်း တစ် ကို သည်နေရာမှာ ခဏရပ်နားရအောင်ခင်ဗျာ။ အပိုင်း နှစ် မှာ ARB ကြောင့် ဘာမှမတက် dead ရင် ဘယ်လိုတွေရှင်းကြတယ်။ ARB ကိုယ့်ဖုန်းမှာ ပါနေ၊ ပါမနေ ဘယ်လိုစစ်မယ်။ အခုချိန်ထိ ဘယ် ဖုန်း model တွေ ပါနေပြီ။ ARB ပါနေတာတွေရဲ့ rom တွေထဲက ဖွဲ့စည်းပုံ၊ ရေးပုံ ဘယ်လိုတွေရှိတယ်.. စတာလေးတွေကို ဆက်လေ့လာကြတာပေါ့ခင်ဗျာ.. 🙂 အပိုင်း နှစ် တင်ပြီးသွားရင်တော့ သည်နေရာမှာ အပိုင်း နှစ်ကို ဆက်သွားဖို့ link လေးထည့်ပေးပါမယ်။
#crd thet zaw ko